လူငယ်နှစ်ဦးကို ဆိုင်ကယ်နဲ့ လူတစ်ယောက်က သေနတ်နဲ့လိုက်ပစ်

46
0 Shares

ဆိုင်ကယ်စီးနင်းလာတဲ့လူငယ်နှစ်ဦးကို ဆိုင်ကယ်နဲ့ လူတစ်ယောက်က သေနတ်နဲ့လိုက်ပစ်

localnes1

တာချီလိတ်မြို့မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်နှစ်ဦးကို အခြားဆိုင်ကယ်နဲ့ လူတစ်ယောက်က မေလ ၁၃ရက် နေ့လည်ပိုင်းက သေနတ်နဲ့ လိုက်လံ ပစ်ခတ်တာကြောင့် ဆိုင်ကယ်နောက်က လိုက်ပါစီးနင်းလာတဲ့ လူငယ်တစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၃ရက်နေ့လည်ပိုင်းက အသက် (၂၁)နှစ်အရွယ် အောင်ပြည့်ဖြိုးဟာ အခြား သူငယ်ချင်း (၃)ယောက်နဲ့အတူ ဆိုင်ကယ်(၂)စီးနဲ့ ဝမ်မိုင်ဘက်ကနေ ပါလျံဘက်ကို လာတဲ့အချိန်မှာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာဈေး အနီးက လမ်းကြားတစ်ခုမှာ လူတစ်ယောက်က သေနတ်နဲ့ လိုက်ပစ်တာကြောင့် သေနတ်ထိမှန်ခဲ့တာလို့ ဆိုင်ကယ်အတူစီးနင်းလာတဲ့ သူရဲ့သူငယ်ချင်းတစ်ဦးက ပြောပါတယ်။

localnes1

“ကျွန်တော်တို့က ဂိမ်းကူးဖို့ ထွက်လာတာ။ ပထမ သေနတ်နဲ့ နှစ်ချက်ပစ်တယ်။ မထိလိုက်ဘူး။ အဲဒီအချိန်မှာ လမ်းဆုံရောက်လို့ ညာဘက်ချိုးလိုက်တဲ့ အချိန်မှာ ထပ်ပစ်လိုက်တာ အနောက်ကထိုင်စီးလာတဲ့ ကျွန်တော့်သူငယ်ချင်းကို သေနတ်မှန်သွားတာ” လို့ အဲဒီသူငယ်ချင်းက ပြောပါတယ်။

ပထမ သေနတ်နဲ့ (၂)ချက် ပစ်လိုက်ချိန်မှာ နောက်ထပ်ဆိုင်ကယ်တစ်စီးနဲ့ အနောက်ကနေ ပါလာတဲ့ သူငယ်ချင်း (၂)ဦးက ကြောက်လန့်ပြီး ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွာွးတယ်လို့ ဆိုပါတယ်။

localnes1

“ပစ်တဲ့လူက အသက် (၃၀)ကျော်လောက်ပဲ။ ဆိုင်ကယ်က Click ဘီးနဲ့။ သေနတ်သံက အကျယ်ကြီးပဲ။ နားတွေပါ စူးသွားတယ်။ ကျွန်တော်တို့ အရင်က ရန်ငြိုးရန်စလည်းမရှိဘူး။ ဘာဖြစ်လို့ပစ်တာလဲ မသိပါဘူး” လို့ သူက ဆိုပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့ မောင်အောင်ပြည့်ဖြိုးဟာ ကျည်ဆံ ကျောကုန်းကနေ ဖောက်ဝင်သွားပြီး ဒဏ်ရာရရှိခဲ့တာကြောင့် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ သူဟာ ဟိုတယ်တစ်ခုမှာ လုံခြုံရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတာ (၃)ရက်ခန့် ရှိပြီလို့လည်း သိရပါတယ်။

localnes1

မောင်အောင်ပြည့်ဖြိုးကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူကို မောင်အောင်ပြည့်ဖြိုးရဲ့ အမဖြစ်သူက တရားလိုပြုလုပ်ကာ တာချီလိတ်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Facebook Comments
0 Shares