သံဃမဟာနာယကအဖွဲ့၏ ညွန်ကြားချက်အရ လူဝတ်လဲပြီး အင်းစိန်ထောင်သို့ပို့

572
160 Shares

မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်း ဦးဥတ္တရ (အင်္ဂလန်ဆရာတော်) အပါအဝင် သံဃာတော်ငါးပါး ကို ၂၀/၉၀၊ ပုဒ်မ ၂၉၅ (က) ဖြင့် လူဝတ်လဲကာ တာမွေတရားရုံးတွင် တရားစွဲဆိုထားပြီး လက်ရှိတွင် အင်းစိန်ထောင်သို့ ပို့ဆောင်ထားကြောင်း ပီနန်ဆရာတော်ကြီး၏ တပည့်သာဝကများ၏ ပြောပြချက်အရ သိရသည်။

ytwaersy 1

ဇွန် ၁၀ ရက်တွင် အင်အားသုံး ခေါ်ဆောင်ခြင်းခံခဲ့ရသည့် သံဃာတော်အပါး ၂၀ တွင် ၁၅ ပါးကို ခံဝန်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီး ပီနန်ဆရာတော်ကြီး၏ တပည့်ရင်း သံဃာငါးပါးကိုမူ ထိန်းသိမ်းထားရာမှ သာသနာတော် ညှိုးနွမ်းစေမှု ၂၀/၉၀ ပုဒ်မ ၂၉၅ (က) ဖြင့် တရားစွဲထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသနာရေးမှူး ဦးစိန်မော်က ပြောကြားသည်။

“တရားစွဲပါဆိုလို့ တရားစွဲထားပြီ ပုဒ်မက ၂၀/၉၀ ၂၉၅ (က) ပါ။ အဲဒါက လူဝတ်လဲရတယ်။ တရားရုံးတင်ရင် လူဝတ်လဲရတယ်။ ဘယ်မှာထားတယ်ဆိုတာ ဦးလည်းမသိဘူး။ အပါး ၂၀ က ၁၅ ပါးကိုစိစစ်ပြီး လွှတ်ပေးလိုက်တယ်။ ငါးပါးပဲ ကျန်တာကို တရားစွဲပါဆိုလို့ တရားစွဲလိုက်တာ။ ဦးတို့က ဘယ်သူ့ကိုမှလည်း မနစ်နာစေချင်ဘူး။ နိုင်ငံတော် သံဃမဟာ နာယကကိုလည်း မနစ်နာစေချင်ဘူး။

ဒီကသံဃာတော် တွေကိုလည်း မနစ်နာစေချင်ဘူး။ အဲ့ဒီလိုဖြစ်အောင် ကြိုးစားပေးနေတယ်။ ဦးတို့က တာဝန်အရ သံဃနာယက အဖွဲ့က ခိုင်းလို့လုပ်ရတာ။ ပုဂ္ဂလိကကိုလည်း ဒါကိုလွှဲပေးလို့မရဘူး။ ပေးလို့ရှိရင်လည်း အာပတ်သင့်တယ်။ အဲဒါကြောင့် ပီနန်ဆရာတော်ကြီးကို အာဂန္တုအနေနဲ့ နေပါလို့ပြောပြီးသား။ ဒါကို မရတဲ့အတွက် ဒီအထိဖြစ်လာတာ” ဟု ဦးစိန်မော်က ပြောကြားသည်။

ytwaersy 2

“ဟုတ်တယ်။ အန်တီတို့လည်းကြားတယ်။ လူဝတ်လဲပြီး အင်းစိန်ထောင် ပို့လိုက်တယ်။ အန်တီတို့လည်း ပြန်လွတ်မယ်ထင်တာ။ လူဝတ်လဲပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်ဆိုတာ တာမွေရဲစခန်းက ပြောတယ်။ အန်တီတို့က စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ ဘာမှလုပ်လို့လည်း မရဘူး။ အင်္ဂလန်ကနှစ်ပါး၊ လန်ဒန်က တစ်ပါးပါတယ်” ဟု ပီနန်ဆရာတော်၏ တပည့်ဒါယိကာမ တစ်ဦးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်သန်းနွယ်က ဆိုသည်။

ယင်းနှင့်ပတ်သက်၍ ဆရာတော် ဦးပါမောက္ခက “ဆရာတော်ဦးဥတ္တရနဲ့ အပေါင်းပါ ဆရာတော်ငါးပါးကို တာမွေတရားရုံးမှာ ရုံးထုတ်တယ်လို့ ဦးဇင်းသိရတယ်။ ဦးဇင်းကိုယ်တိုင် တာမွေတရားရုံးကို မွန်းလွဲ ၂ နာရီမှာ သွားပြီးမေးမြန်းတယ်။ သံဃာ့ဝတ်နဲ့ စစ်ဆေးမေးမြန်းပြီး ရုံးထုတ်တာလား။ လူဝတ်လဲပြီး ရုံးထုတ်တာလား လို့မေးတော့ သင်္ကန်းဝတ်လဲပြီး လူဝတ်နဲ့ရုံးထုတ်တာလို့ ပြောတယ်။

၂၀ ရက်နေ့မှာ ရုံးချိန်းလို့ သိရတယ်။ ဦးဥတ္တရကို ၂၀/၉၀ နဲ့ စွဲထားတယ်။ မလုပ်သင့် မလုပ်ထိုက်တာကို မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်တယ်။ သင်္ကန်းဝတ်ပြီးခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုတယ်။ သာသနာတော်ကို ချစ်မြတ်နိုးတဲ့ ဗုဒ္ဒဘာသာဝင်တွေက ခေါင်းငုံ့မခံဘဲ ညီညီညွတ်ညွတ် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းတယ်” ဟု မိန့်ကြားသည်။

၂၀၁၄ ဇွန် ၁၀ ရက်တွင် သံဃမဟာနာယကအဖွဲ့က မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာတော်များအား သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံဃမဟာ နာယကအဖွဲ့မှ သံဃာတော် ၂၈၁ ပါးနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖယ်ရှားကာ သီတင်းသုံးနေသည့် သံဃာတော်အပါး ၂၀ ကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

သံဃာတော်များအတွက် ဆောင်ရွက်သည့် မှုခင်းဖြစ်စဉ်များကိုမူ သံဃမဟာနာယကအဖွဲ့မှ ဖွဲ့စည်းထားသည့် အမြင့်ဆုံးအဖွဲ့မှသာ ဆောင်ရွက်ရမည်ဟု ဇွန် ၁၁ ရက်တွင် သာသနာ့ရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှုး ဦးထွန်းညွန့်က ပြောဆိုထားသော်လည်း ယခုဖြစ်စဉ်တွင်မူ အင်္ဂလန်ဆရာတော် အပါအဝင် သံဃာငါးပါးအား လူဝတ်လဲစေကာ တရားရုံးတင်ခဲ့ခြင်းဖြစ်သည်။

ytwaersy 1

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ တာမွေရဲစခန်းမှာ အမှုဖွင့်ထားတာလည်း မရှိဘူး။ ဖမ်းဆီးထားတာလည်း မရှိဘူး။ အခုတရားစွဲဆိုတာက သံဃမဟာနာယက အဖွဲ့က တိုက်ရိုက်တရားရုံးကို တရားစွဲဆိုတာ။ ချိပ်ပိတ်စဉ် တုန်းကလည်း ရဲတပ်ဖွဲ့အနေနဲ့ ပဋိပက္ခသဘောမျိုး ဆောင်သွားမှာစိုးလို့ ကြားနေအနေနဲ့သာ ပါဝင်ခဲ့တာပါ။ ဆရာတော်ငါးပါးကို လူဝတ်လဲပြီး တရားစွဲဆိုတားတာကလည်း သတင်းရရုံပဲ ရှိသေးတယ်” ဟု တာမွေမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ မဟာသန္တိသုခ ကျောင်းတိုက်မှ သံဃာတော်များအား လူဝတ်လဲပြီး အင်းစိန်ထောင်သို့ ပို့ခဲ့သည့် ဖြစ်ရပ်မှာ ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၀၇ ခုနှစ်တွင် သံဃာတော်များက စစ်အစိုးရကို ပတ္တနိက္ကုစ္စနကံဆောင်စဉ် တိပိဋကဓရဆရာတော် အရှင်သုမင်္ဂလာ လင်္ကာရ၊

အင်းစိန်ရွာမဆရာတော် အရှင်တိလောကာဘိဝံသကဲ့သို့ စာတတ်ပေတတ် ဆရာတော်များ၊ ထေရ်ကြီးဝါကြီး ဆရာတော်များ အပါအဝင် သံဃာတော် အများအပြားကို ဝိနည်းနှင့် မညီညွတ်ဟုဆိုကာ အတင်းအကျပ် လူဝတ်လဲစေပြီး ထောင်သွင်းအကျဉ်းချခဲ့သော စစ်အစိုးရ၏ လုပ်ရပ်နှင့်ဆင်တူသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

သံဃာတော်များကို လူဝတ်လဲပြီး ဖမ်းဆီးကာ အင်းစိန်ထောင်သို့ ပို့ဆောင်မှုနှင့် ပတ်သက်၍ ၎င်းတို့၏ သက်ဆိုင်သူများ၊ ဆွေမျိုးသားချင်းများ ကြိုတင်မသိရှိသည့်အပြင် ရှေ့နေရှေ့ရပ်များနှင့်လည်း တိုင်ပင်ခွင့်မရခဲ့ခြင်းသည် လွတ်လပ်သော တရားစီရင်ရေးကို ချိုးဖောက်သကဲ့သို့ ဖြစ်နေကြောင်းနှင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ မျှတသည့် တရားစီရင်မှုအပေါ် ဝေဖန်မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပြီး အာဏာရှင်အစိုးရ၏ လုပ်ရပ်မျိုးဖြစ်နေကြောင်း ဝေဖန်မှုများ ရှိနေသည်။

ytwaersy 1

“အစိုးရနဲ့ အဆင်မပြေရင်၊ သံဃနာယကအဖွဲ့နဲ့ အဆင်မပြေရင် ဘယ်သံဃာမဆို လူဝတ်လဲခံရနိုင်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံရနိုင်သလို ဖြစ်နေပါတယ်” ဟု ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

ဇွန် ၁၁ ရက် နံနက်အစောပိုင်းက မဟာသန္တိသုခ ကျောင်းတိုက်ကို ချိပ်ပိတ်ပြီး အင်္ဂလန်ဆရာတော်နှင့် သံဃာတော်များအား ကမ္ဘာအေးရှိ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ရုံးသို့ ပင့်ဆောင်လာစဉ်
Image may contain: 1 person, standing, car and outdoor

Facebook Comments
160 Shares